Friday, May 3, 2013

သဘာဝရင်းမြစ်ကျိန်စာသင့်ခြင်းသည် မြန်မာနိုင်ငံနှင့်အကျုံးဝင်မှု ရှိ မရှိ သုံးသပ်ခြင်း



၂၀၁၃ ခုနှစ်၊ ဧပြီလ ၃၀ ရက် (အင်္ဂါနေ့) ထုတ် မော်နီတာဂျာနယ် Vol. 2 No. 52 ပါ ဆောင်းပါး။

 သဘာဝရင်းမြစ်ကျိန်စာသင့်ခြင်းသည် မြန်မာနိုင်ငံနှင့်အကျုံးဝင်မှု ရှိ မရှိ သုံးသပ်ခြင်း

ဒုတိယပိုင်း
(ထွန်းအောင်ကျော်)

နိုင်ငံရေးနှင့် စီးပွားရေးဗေဒလေ့လာသူပညာရှင်များက ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများကို သူတို့၏လေ့လာမှုအရ သဘာဝရင်းမြစ်ကျိန်စာသင့်ခြင်းခံရသည့်နိုင်ငံများတွင် အောက်ဖေါ်ပြပါအချက်များကို ထင်ထင်ရှားရှား တွေ့ရှိရသည်ဟုဆိုသည်-

၁။ ဆင်းရဲချမ်းသာကွာခြားမှု မြင့်မားခြင်း။
၂။ သဘာဝရင်းမြစ်များကို အစိုးရနှင့်လက်သင့်ရာအပေါ်လွှာအုပ်စုမှလက်ဝါးကြီးအုပ်ထားခြင်း။
၃။ သဘာဝရင်းမြစ်အကျိုးအမြတ်များကို ပြည်သူများခံစားခွင့်မရဘဲ လက်တစ်ဆုပ်စာလူတစ်စုကသာ ခံစားနေခြင်း။
၎။ သဘာဝရင်းမြစ်များကြောင့် ပြည်သူတို့၏ဘဝတိုးတက်ချမ်းသာမလာဘဲ ပိုမိုအတိဒုက္ခရောက်ခြင်း။
၅။ သဘာဝရင်းမြစ်ပေါကြွယ်ဝမှုကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှုစီးပွားရေးလုပ်ငန်းများထက် သဘာဝရင်းမြစ် ထုတ်လုပ်မှုကိုသာ အစိုးရက ဦးစားပေးနေခြင်း။
၆။ ပြည်တွင်းကုန်ထုတ်လုပ်မှု ကျဆင်းသွားခြင်းနှင့်အတူ အလုပ်အကိုင်ရှားပါးလာပြီး အလုပ်လက်မဲ့များ ပေါများလာခြင်း။
၆။ ပြည်တွင်းလုပ်ငန်းရှင်များကို အစိုးရမှ ကျားကန်ပေးခြင်း၊ အရင်းအနှီးစိုက်ထုတ်၍ ပြည်တွင်းထုတ်ကုန်များကို အားပေးခြင်းတို့ကို မပြုလုပ်သဖြင့် ပြည်တွင်းလုပ်ငန်းရှင်များသည် ပြည်ပနိုင်ငံများ၏ပို့ကုန်များနှင့် မယှဉ်နိုင်ခြင်း။
၇။ အာဏာရှင်အစိုးရ သို့မဟုတ် ဖိနှိပ်ချုပ်ချယ်သော အစိုးရများ တည်ရှိနေခြင်း။
၈။ လူ့အခွင့်အရေး အနည်းငယ်သာရှိခြင်း သို့မဟုတ် လုံးဝမရှိခြင်း။
၉။ ပညာတတ်များ ထွန်းကားရန်ကိစ္စကို လျစ်လျူရှုထားခြင်းနှင့် ပညာရေးကို အားမပေးခြင်း။
၁၀။ တိုင်းပြည်ဝင်ငွေထဲမှ စစ်အသုံးစရိတ်ကို အများဆုံးသုံးစွဲနေခြင်း။
၁၁။ ပြည်တွင်းစစ်ဖြစ်ပွားနေခြင်း။
၁၂။ ပြည်သူတို့ ထကြွဆန့်ကျင်လာသည့်အခါ ဝေစားမျှစားလုပ်ထားသည့် စစ်တပ်၊ ရဲတို့ဖြင့် နှိမ်နင်းဖိနှိပ်ခြင်း။

အထက်ဖေါ်ပြပါ အချက်၁၂ ချက်ထဲမှ သဘာဝရင်းမြစ်ကျိန်စာသင့်နေသောနိုင်ငံများသည် အချက်အတော်များများနှင့် အကျုံးဝင်နေရမည်ဟုဆိုခဲ့သည်။


ယနေ့မြန်မာနိုင်ငံတွင် ထိုအချက်အားလုံးနှင့်အံဝင်ခွင်ကျဖြစ်လျက်ရှိသည်ကို အံ့သြစွာ စာဖတ်သူတို့ တွေ့ရှိရမည် ဖြစ်သည်။ မြန်မာနိုင်ငံတစ်ခုထဲကိုကြည့်ပြီး ရေးထားသလားဟုပင် ထင်မှတ်လောက်စရာ သွေးထွက်အောင် မှန်နေခြင်းသည် တကယ့်နိုင်ငံချစ်စိတ်ရှိသူအားလုံးသိရှိနိုင်ပြီး ထိုကျိန်စာဆိုးမှလွတ်အောင် မည်သို့ ရုန်းကန်ကြမည်ကို စဉ်းစားကြဖို့ အချိန်သို့ကျရောက်ရှိနေပြီဖြစ်သည်။  ဦးသိန်းစိန်အစိုးရသည် လုပ်ဖေါ်ကိုင်ဖက် လက်ရှိစစ်ဗိုလ်ချုပ်များ၊  စစ်ဗိုလ်ချုပ်ဟောင်းများနှင့် ပြတ်ပြတ်သားသားလုပ်ရန် မျက်နှာနာနေသည့်အတွက် ဦးသိန်းစိန်အစိုးရတစ်ဖွဲ့တည်းနှင့် ပြုပြင်ပြောင်းလဲမှုများကို လုပ်နိုင်ရန် အင်အားမရှိဟု သုံးသပ်သည်။

သို့ရာတွင်မျိုးချစ်စိတ်ရှိသူများအားလုံးက အပြုသဘောဆောင်၍ ပူးပေါင်းလုပ်ဆောင်ကြမည်ဆိုလျှင် ဤကျိန်စာဆိုးမှ လွတ်မြောက်နိုင်ပါသည်။

လက်ပံတောင်းတောင်အရေးအခင်းပေါ်တွင် သုံးသပ်ကြည့်ခြင်း။

လက်ပံတောင်းတောင်အရေးအခင်းသည် မြန်မာနိုင်ငံတွင် သဘာဝရင်းမြစ်ကျိန်စာသင့်ခြင်း၏ သိသာထင်ရှားသော သက်သေပြချက် ပူပူနွေးနွေး တစ်ခုပင်ဖြစ်သည်။ လက်ပံတောင်းတောင် အရေးအခင်း ဖြစ်ပေါ်လာရခြင်းမှာ ဒေသခံပြည်သူများ၏ စားဝတ်နေရေးကို တိုးတက်မြှင့်တင်ရန်ထက် စစ်တပ်ပိုင် စီးပွားရေးကုမ္ဗဏီဖြစ်သည့်ဦးပိုင်သည် တရုတ်ဝမ်ပေါင်ကုမ္ဗဏီနှင့်ပင်းပြီး မိမိကုမ္ဗဏီအကျိုးအမြတ်ရလိုမှု တစ်ခုတည်းကိုကြည့်ပြီး လုပ်ဆောင်ခဲ့ခြင်းကြောင့်ဖြစ်လာသည့် ဆိုးကျိုးဖြစ်သည်။ လက်ရှိတရုတ်အစိုးရ ကိုယ်စားလှယ်ကလည်း မြန်မာနိုင်ငံတွင် နိုင်ငံရေးစနစ် ပြောင်းလဲနေပြီဖြစ်သဖြင့် တရုတ်ကုမ္ဗဏီများသည် နိုင်ငံတကာစည်းကမ်းစည်းမျဉ်းတို့ကို လေးစားလိုက်နာဖို့လိုကြောင်း စုံစမ်းရေးကော်မရှင်၏ ဆုံးဖြတ်ချက်များသည် မျှတမှုရှိကြောင်း၊ ထို့ကြောင့် ဝမ်ပေါင်ကုမ္ဗဏီက လိုက်နာလုပ်ဆောင်ဖို့လိုကြောင်း ပြောကြားခဲ့ခြင်းသည် တရားဥပဒေကင်းမဲ့နေသော စစ်အုပ်ချုပ်မှုအောက်တွင် ချုပ်ဆိုခဲ့သောစာချုပ်သည် တရားမျှတမှု မရှိကြောင်းကို တရုတ်အစိုးရ ထိပ်တန်းအရာရှိကိုယ်တိုင်က ဝန်ခံခဲ့ခြင်းပင်ဖြစ်သည်။

ဤအချက်သည် ဒေသခံပြည်သူတို့၏ အသက်မွေးဝမ်းကျောင်းမှုဖြစ်သော လယ်ယာထွန်ယက်စိုက်ပျိုးမှုများကို အစားထိုးပေးသည့် မည်သည့်အစီအစဉ်ကိုမျှ စနစ်တကျ စီစဉ်ပေးခြင်းမရှိဘဲ မင်းအာဏာနှင့် မင်းတို့ခွေးသေ ဝက်သေ သေပေတော့၊ ငါတို့ကောင်းစားရေးအတွက် မင်းတို့ဟာ ပေးသမျှယူ၍ ဘိုးစဉ်ဘောင်ဆက် ဓားမဦးချလုပ်လာသောလယ်မြေများမှ ဖယ်ပေးရမည်ဟု တစ်ချက်လွှတ် အမိန့်တော်ချမှတ်ပြီး ဒေသခံများ၏ဘဝကို သေဒဏ်ပေးလိုက်သည်အား လက်မခံဘဲ ရဲရဲဝင့်ဝင့် တော်လှန်လိုက်သည့်အတွက် ရရှိလာသည့် လက်ပံတောင်းတောင်ပြည်သူများ၏အောင်ပွဲပင်ဖြစ်သည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်၏အစီရင်ခံစာမှ သိရသည့်အချက်များမှာ-

၁။ လယ်ယာမြေများကို ကာလပေါက်ဈေးနှင့်မပေးဘဲ ဈေးအဆမတန်နှိမ်၍လည်းကောင်း၊ လျော်ကြေးပေး ချေခြင်းလုံးဝမရှိဘဲနှင့်လည်းကောင်း။ လိုအပ်သည်ထက်ပို၍လည်းကောင်း သိမ်းယူခဲ့ခြင်း။

၂။ ဝမ်ပေါင်ကုမ္ဗဏီနှင့်စာချုပ်ချုပ်ဆိုရာတွင်လည်း ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို လေ့လာစူစမ်းခြင်း၊ ဒေသခံများ၏ သဘောထားရယူခြင်း၊ လူထုသောက်သုံးရေအပေါ်အဆိပ်သင့်မှု ရှိ မရှိ တို့ကို လေ့လာစူးစမ်းမှု မရှိခြင်းနှင့် ဒေသခံများအား ပညာပေးခြင်းများ မပြုလုပ်ခဲ့ခြင်း။

၃။ လက်ပံတောင်းတောင်တွင် ရှေးဟောင်းအမွေအနှစ်များ ရှိ မရှိကို လေ့လာစူးစမ်းမှုမပြုခဲ့၊ ပြုရန်လည်း စိတ်မဝင်စားခဲ့ခြင်း။

၎။ ဦးပိုင်အနေနှင့် အကျိုးအမြတ် မည်မျှရရှိသည်၊ အစိုးရကို မည်မျှအခွန်ပေးဆောင်သည်ဆိုသည့် ပွင့်လင်းမြင်သာသည့် ရှင်းလင်းတင်ပြချက် မရှိခြင်း၊ အစိုးရက ရရှိသည့်အခွန်ငွေကို ၁၆.%  ပြထားပြီး ကုန်သွယ်ခွန် % ပေးရန် မလိုဟု ပြဋ္ဌာန်းထားသည့်အတွက် အစိုးရမှ ၈.%သာ ရရှိမည်ဖြစ်သည်။

၅။ ရရှိသည့်အကျိုးအမြတ်ထဲမှ ဒေသခံပြည်သူတို့၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတို့တွင် ထိထိရောက်ရောက် ကူညီပံ့ပိုးမှုများ မပြုလုပ်ခဲ့ခြင်းနှင့် ပြည်သူတို့ ဆူပူလာသည့်အချိန်မှ စဉ်းစားလာခြင်း။
၆။ ရွှေ့ပြောင်းနေရာချထားပေးသော အိမ်ရာများသည် အရည်အသွေးမမီခြင်း၊ ထိုသို့ အရည်အသွေးမမီသော အိမ်ရာဆောက်လုပ်သည့် ကန်ထရိုက်တာများကို အရေးယူမှု မတွေ့ရခြင်း။

၇။ ဦးပိုင်၏ မိုးကြိုးဆာလဗျူရစ်အက်စ်စက်ရုံသည် စက်မှုဝန်ကြီးဌာန၏ တရားဝင်ခွင့်ပြုချက်ဖြင့် လည်ပတ်နေသောစက်ရုံမဟုတ်ဘဲ ၁၉ --၂၀၀၇ နေ့မှစတင်၍ တရားမဝင်လည်ပတ်နေခဲ့သည့်အပြင် နိုင်ငံတကာအဖွဲ့အစည်းစံသတ်မှတ်ချက်လက်မှတ် (International Organization for Standardization ISO Certificate) ရယူထားမှု မရှိခြင်း။

၈။ ထိုအက်စ်စက်ရုံမှ အက်စ်ထုတ်လုပ်မှုသည် ဒေသခံပြည်သူများ၏ သောက်သုံးရေ ညစ်ညမ်းမှုကို ဖြစ်စေခြင်း၊ ကျန်းမာရေးကို များစွာထိခိုက်စေခြင်း။ နေ့စဉ် အက်ဆစ် တန် ၅၀ ကျထုတ်လုပ်နေခြင်း။ အန္တရာယ်ရှိသော ဓါတုဗေဒပစ္စည်းစက်ရုံ (Hazardous Plant) ဖြစ်ခြင်း။

၉။ ၁၉၉၇ ခုနှစ်တွင် စပယ်တောင်၊ ကြေးစင်တောင်သတ္ထုတွင်းစီမံကိန်း မြေဧရိယာ ၆၂၅၃.၀၄ ကို နှစ် ၃၀ ဂရမ် စာချုပ်ဖြင့်လည်းကောင်း၊ လက်ပန်းတောင်းတောင်စီမံကိန်းကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလမှစ၍ နှစ် ၆၀ မြေငှား ဂရမ်ဖြင့် စုစုပေါင်း မြေဧရိယာ ၇၈၆၇.၇၈ ဧကကို သတ္တုတွင်းဝန်ကြီးဌာန၏ ခွင့်ပြုမိန့်အမှတ် ၁၀၀၃/၂၀၁၀ ဖြင့် --၂၀၁၀ နေ့တွင်လည်းကောင်း၊ ဦးပိုင်တစ်ဦးတည်းက လုပ်ပိုင်ခွင့်ကို လက်ဝါးကြီးအုပ်ရယူထားခဲ့သည်။ သိမ်းဆည်းမြေ ၇၈၆၇.၇၈ ဧကတွင် စိုက်ပျိုးမြေ ၅၀၅၇.၀၀ ဧက ပါဝင်သည်။ ထိုသို့ ဆုံးရှုံးသွားသော စိုက်ပျိုးမြေများကို မည်ကဲ့သို့အစားထိုးပြီး မြေသြဇာကောင်းသောလွတ်မြေရိုင်းများကို ရှာဖွေပေးခြင်း သို့မဟုတ် မိသားစုအတွက် ရပ်တည်နိုင်မည့် အလုပ်အကိုင်ရှာဖွေပေးခြင်းမျိုးကို လက်တွေ့ကျကျ စီမံကိန်းချပြီး ကြိုတင်ကြံစည်လုပ်ဆောင်ပေးခဲ့ခြင်းမျိုးမရှိခြင်း။

၁၀။ အဆိုးဆုံးမှာ ပြည်သူတို့သည်လည်းကောင်း၊ အောက်ခြေတပ်မတော်သားများသည်လည်းကောင်း၊ တိုင်းပြည်သည်လည်းကောင်း ရရှိသည့်အကျိုးအမြတ်ကို မခံစားရဘဲ ဦးပိုင်ကို ထူထောင်ထားသည့် စစ်ခေါင်းဆောင်တို့ကသာ အဆီအနှစ်ကို ရယူခံစားခွင့်ရနေသည်မှာ အလွန်မျိုးချစ်စိတ်ကင်းမဲ့သော စစ်အာဏာရှင်စနစ်၏ လက်ကျန်အမွေဆိုးပင် ဖြစ်တော့သည်။ ဤအချက်သည် နိုင်ငံပိုင်သဘာဝ သယံဇာတရင်းမြစ်များကို စစ်ခေါင်းဆောင်များဦးစီးသည့်ဦးပိုင်ကသာ ၎င်းတို့၏အကျိုးစီးပွားအတွက် ထုတ်ယူသုံးစွဲနေကြောင်း ဦးပိုင်သည် မည်သည့်စီးပွားရေးကိုမဆို ၎င်းတို့အကျိုးအမြတ်အတွက် လုပ်ခွင့်ရှိကြောင်း ပေါ်လွင်နေသဖြင့် ဒီမိုကရေစီနစ်တွင်ရှိသည့် လူတိုင်း သာတူညီမျှ တန်းတူအခွင့်အရေး ရှိစေရမည်ဆိုသည့်အချက်ကို ဗြောင်ချိုးဖေါက်ထားခြင်းပင်ဖြစ်တော့သည်။

ဖြစ်သင့်သည်မှာ-

၁။ အစိုးရသည် ဤစီမံကိန်းကို အဖက်ဖက်မှ လိုအပ်ချက်များကို ပြုလုပ်၍ မပြီးမခြင်း ယာယီရပ်ဆိုင်းပစ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဤကြေးနီတူးဖေါ်ရေးမှရရှိသည့် အကျိုးအမြတ်သည် တိုင်းပြည်ထူထောင်ရေးတွင် သုံးစွဲမှုမရှိသည့်အပြင် ဒေသခံပြည်သူလူထု၏ သောက်သုံးရေများ အဆိပ်သင့်ခြင်းကြောင့် လူထုကျန်းမာရေးကို ရေရှည်တွင် များစွာထိခိုက်နိုင်ဖွယ် ရှိနေခြင်းကြောင့် ဖြစ်သည်။

၂။ ဤကြေးနီစီမံကိန်းသည် တိုင်းပြည်နှင့် ဒေသခံပြည်သူတို့အတွက် အမှန်တကယ်အကျိုးရှိသည့် စီမံကိန်းဖြစ်ရန်မှာ ဦးပိုင်ရရှိသောအမြတ်ငွေ၏ သုံးပုံတစ်ပုံကို ဒေသခံပြည်သူတို့၏ ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားတိုးတက်ဖွံ့ဖြိုးရေးတို့တွင် သုံးစွဲရန်၊ ကျန်တစ်ပုံကို အစိုးရသို့ အခွန်ပေးဆောင်ရန်နှင့် ကျန်တစ်ပုံကို ဦးပိုင်မှခံစားရန်တို့ကို ပြုလုပ်နိုင်ခဲ့လျှင် လက်ခံနိုင်ကောင်းလက်ခံနိုင်ပါလိမ့်မည်။

၃။ ဦးပိုင်၏လက်ရှိဥက္ကဋ္ဌသည် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်ဖြစ်သည်။ ထိုသူသည် စစ်တပ်မှ လခစားနေစဲဖြစ်သလို ဦးပိုင်ထံမှ ဥက္ကဋ္ဌ၏လစာကိုလည်း စားနေသော နှစ်သီးစားလောဆိုသည်ကို သိသာစွာ ရှင်းလင်းရန်လည်း လိုနေပေသည်။ ထို့အတူ စစ်တပ်မှ အနားယူစေလိုသည့် အသက် ၄၀ ကျော် ၅၀ ရှိသည့် စစ်တပ်မှအရာရှိများကို ပင်စင်ပေးလိုက်ကာ ယင်းပင်စင်စားများကို အစိုးရဌာနများတွင် တစ်ဖန်ပြန်လည် ခန့်ထားပြီး အရပ်ဖက်ဌာနများ၏ ဌာနဆိုင်ရာအသီးသီး၌ စစ်အရေချွတ်များက အရပ်သားများကို အထက်မှ အုပ်ချုပ်ခိုင်းထားသောစနစ်ကြောင့် နောင်အနှစ် ၂၀ ကျော်တွင် ထိုသူတို့ သက်ပြည့်ပင်စင်ယူသည့်အခါ စစ်တပ်၏ပင်စင်အပြင် အရပ်ဖက်၏ပင်စင်ပါ ရယူသည့် နှစ်သီးစားများ ဖြစ်လာမည်။ ထိုအခါ တိုင်းပြည်က ထိုသူတို့၏ ဝန်ထုတ်ဝန်ပိုးဒဏ်ကို ခါးစည်းခံရပေလိမ့်ဦးမည်ဖြစ်သည်။ ထို့အတွက် တိုင်းပြည်၏ လိုငွေပြမှုသည်လည်း များစွာမြင့်မားလာပြီး စီးပွားပျက်ကပ်ဆိုက်ရောက်သွားနိုင်ဖွယ်ရှိနေပေသည်။ လုပ်သင့်သည်မှာ အများဆုံးရသည့်အလုပ်မှ ပင်စင်ကိုသာ ခံစားစေခြင်းဖြင့် ဖြေရှင်းသင့်ပေသည်။

၎။ လတ်တလော ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ နေပူတောင်မှ မာဘယ်ကျောက်များကို ဗီယက်နမ်နိုင်ငံကုမ္ဗဏီက နှစ်၂၀ ဂရမ်ယူပြီး အမေရိကန်ဒေါ်လာ ၁၈ သန်းကျော် ရင်းနှီးမြှုပ်နှံမည်ဆိုပြီး ပြည်သူများကိုချပြသည့်အခါ အကျိုးအမြတ် ခွဲဝေမှု၊ ပြည်နယ်က မည်မျှအကျိုးအမြတ်ခံစားရပြီး ဗဟိုအစိုးရနှင့် ကုမ္ဗဏီက မည်မျှအချိုးရမည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း ရှင်းပြခြင်း မတွေ့ရပါ။

၅။ ရခိုင်ပြည်နယ်မှသဘာဝဓါတ်ငွေ့ထုတ်လုပ်နေခြင်းနှင့် ထိုဓါတ်ငွေ့များကို တရုတ်ပြည်ယူနန်သို့သွယ်ယူ ရောင်းချခြင်းကိစ္စတွင်လည်း ဒေသခံများကို ခံစားခွင့်ပေးမထားခြင်းသည် ကျိန်စာသင့်ခြင်း၏ အမှတ်လက္ခာဏာများပင်ဖြစ်သည်။ မြန်မာနိုင်ငံမှ နိုင်ငံခြားသို့ သဘာဝဓါတ်ငွေ့ရောင်းရငွေသည် တစ်နှစ်လျှင် ဘီလီယံဒေါ်လာခန့်ရှိသည်ဟု သိရသည်။ ထိုဝင်ငွေကို ပြည်သူသို့အတိအကျချပြခြင်းမရှိပေ ဓါတ်ငွေ့ရောင်းရငွေ ဒေါ်လာသန်းနှစ်ထောင်ခန့်သည် မည်သည့်ဘဏ်စာရင်းထဲသို့ ဝင်သွားသည်၊ မည်သို့သုံးစွဲနေသည်ကို ပြည်သူတို့ မသိရှိရသေးခြင်းက အကျင့်ပျက်ခြစားမှုသည် ကြီးကြီးမားမား ဆက်လက်ရှိနေကြောင်း ပေါ်လွင်နေသည်။

နိဂုံးချုပ်။
သဘာဝရင်းမြစ်ကျိန်စာသင့်ခြင်းသည် ပြည်သူတို့မိမိနေထိုင်ရာဒေသတွင် သဘာဝရင်းမြစ်များရှိနေခြင်းကြောင့်၊ ထိုရင်းမြစ်များကို အစိုးရမှသော်လည်းကောင်း၊ ပုဂ္ဂလိကကုမ္ပဏီများမှသော်လည်းကောင်း လာရောက်တူးဖေါ် ထုတ်ယူသည့်အခါ ဒေသခံပြည်သူများနေရာထိုင်ခင်းများပျောက်ကွယ်သွားခြင်း၊ ဒေသတွင်းအစားအစာနှင့် သောက်သုံးရေများ အဆိပ်သင့်ကုန်ခြင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပျက်စီးသွားခြင်းတို့ကြောင့် ဆင်းရဲမွဲတေမှု ငတ်မွတ်ခေါင်းပါးမှုတို့ ကြီးမားကျယ်ပြန့်လာခြင်းတို့သည် ကျိန်စာသင့်နေသည့်လက္ခဏာများ ဖြစ်သည်။

ထို့အပြင် ထိုသဘာဝရင်းမြစ်များကို ထုတ်ယူလိုသည့်အုပ်စုများအတွင်း တိုက်ပွဲများဖြစ်ပွားလာပြီး ပြည်တွင်းစစ်ကို ဖြစ်ပေါ်လာစေသည်ကလည်း ကျိန်စာသင့်နေသည့်အကျိုးဆက်ပင်ဖြစ်သည်။ အရင်းမစိုက်ရဘဲ သဘာဝရင်းမြစ်များကို လက်ညှိုးထိုးရောင်းချပြီး တိုင်းပြည်ဘဏ္ဏာရေးကို ရှာဖွေနိုင်သည့်အတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုကို စိတ်မဝင်စားတော့ဘဲ ရင်းမြစ်ထုတ်လုပ်မှုကိုသာာက်ချလုပ်ခြင်းကြောင့် တိုင်းပြည်သည် ပြည်တွင်းအဆင့်မီထုတ်ကုန်များကို မထုတ်လုပ်တော့ဘဲ ပြည်ပထုတ်ကုန်များကိုသာ တင်သွင်းအားထားရသည့်အဆင့်သို့ ကျရောက်သွားသည့်အတွက် ပြည်တွင်းသုံးစွဲမှုလိုငွေပြပြီး စီးပွားပျက်ကပ် ဆိုက်ရောက်လာခြင်းသည်လည်း ကျိန်စာသင့်ခြင်း၏အကျိုးဆက်ပင်ဖြစ်တော့သည်။

ထို့ကြောင့် သဘာဝရင်းမြစ်များကို ထုတ်ယူသည့်အခါ သဘာဝပတ်ဝန်းကျင်အား မည်သို့အကျိုးသက်ရောက်မှု ရှိစေမည်၊ ဒေသခံပြည်သူများကို မည်သို့အကျိုးရှိအောင်လုပ်ပေးမည်၊ ထိခိုက်နိုင်စေသည့်အရာများကို ထိခိုက်မှု နည်းနိုင်သမျှနည်းအောင် ကြိုတင်ပြီး မည်သို့ကာကွယ်မည်ဆိုသည်ကအစ ထောင့်စေ့အောင် အကွက်ချတွက်ချက်ပြီး ကာကွယ်ဖို့လိုပါသည်။ အစိုးရနှင့် ကုမ္ဗဏီက အကျိုးအမြတ်များရပြီး ပြည်သူများက ရောဂါများစွဲကပ်ကာ အတိဒုက္ခရောက်မည်ဆိုလျှင်တော့ မလုပ်တာ ကောင်းပါသည်။

သဘာဝရင်းမြစ်ထုတ်လုပ်ခြင်းသည် တိုင်းပြည်တိုးတက်ရေးနှင့် ပြည်သူတို့ဘဝစည်ပင်သာယာရေးအတွက်သာ ဖြစ်သင့်ပါသည်။

ထိုအချက်နှစ်ခုလုံးနှင့်ဆန့်ကျင်နေသည့် ထုတ်လုပ်မှုမျိုးဖြစ်နေပါက သူ့သဘာဝအတိုင်း မြေအောက်တွင် ထားသည်က အကောင်းဆုံးဖြစ်ပါလိမ့်မည်။

ထွန်းအောင်ကျော်
/၂၉ /၂၀၁၃

No comments:

Post a Comment