Friday, May 3, 2013

သဘာဝရင်းမြစ်ကျိန်စာသင့်ခြင်းသည် မြန်မာနိုင်ငံနှင့်အကျုံးဝင်မှု ရှိ မရှိ သုံးသပ်ခြင်း



၂၀၁၃ ခုနှစ်၊ ဧပြီလ ၃၀ ရက် (အင်္ဂါနေ့) ထုတ် မော်နီတာဂျာနယ် Vol. 2 No. 52 ပါ ဆောင်းပါး။

 သဘာဝရင်းမြစ်ကျိန်စာသင့်ခြင်းသည် မြန်မာနိုင်ငံနှင့်အကျုံးဝင်မှု ရှိ မရှိ သုံးသပ်ခြင်း

ဒုတိယပိုင်း
(ထွန်းအောင်ကျော်)

နိုင်ငံရေးနှင့် စီးပွားရေးဗေဒလေ့လာသူပညာရှင်များက ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများကို သူတို့၏လေ့လာမှုအရ သဘာဝရင်းမြစ်ကျိန်စာသင့်ခြင်းခံရသည့်နိုင်ငံများတွင် အောက်ဖေါ်ပြပါအချက်များကို ထင်ထင်ရှားရှား တွေ့ရှိရသည်ဟုဆိုသည်-

၁။ ဆင်းရဲချမ်းသာကွာခြားမှု မြင့်မားခြင်း။
၂။ သဘာဝရင်းမြစ်များကို အစိုးရနှင့်လက်သင့်ရာအပေါ်လွှာအုပ်စုမှလက်ဝါးကြီးအုပ်ထားခြင်း။
၃။ သဘာဝရင်းမြစ်အကျိုးအမြတ်များကို ပြည်သူများခံစားခွင့်မရဘဲ လက်တစ်ဆုပ်စာလူတစ်စုကသာ ခံစားနေခြင်း။
၎။ သဘာဝရင်းမြစ်များကြောင့် ပြည်သူတို့၏ဘဝတိုးတက်ချမ်းသာမလာဘဲ ပိုမိုအတိဒုက္ခရောက်ခြင်း။
၅။ သဘာဝရင်းမြစ်ပေါကြွယ်ဝမှုကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှုစီးပွားရေးလုပ်ငန်းများထက် သဘာဝရင်းမြစ် ထုတ်လုပ်မှုကိုသာ အစိုးရက ဦးစားပေးနေခြင်း။
၆။ ပြည်တွင်းကုန်ထုတ်လုပ်မှု ကျဆင်းသွားခြင်းနှင့်အတူ အလုပ်အကိုင်ရှားပါးလာပြီး အလုပ်လက်မဲ့များ ပေါများလာခြင်း။
၆။ ပြည်တွင်းလုပ်ငန်းရှင်များကို အစိုးရမှ ကျားကန်ပေးခြင်း၊ အရင်းအနှီးစိုက်ထုတ်၍ ပြည်တွင်းထုတ်ကုန်များကို အားပေးခြင်းတို့ကို မပြုလုပ်သဖြင့် ပြည်တွင်းလုပ်ငန်းရှင်များသည် ပြည်ပနိုင်ငံများ၏ပို့ကုန်များနှင့် မယှဉ်နိုင်ခြင်း။
၇။ အာဏာရှင်အစိုးရ သို့မဟုတ် ဖိနှိပ်ချုပ်ချယ်သော အစိုးရများ တည်ရှိနေခြင်း။
၈။ လူ့အခွင့်အရေး အနည်းငယ်သာရှိခြင်း သို့မဟုတ် လုံးဝမရှိခြင်း။
၉။ ပညာတတ်များ ထွန်းကားရန်ကိစ္စကို လျစ်လျူရှုထားခြင်းနှင့် ပညာရေးကို အားမပေးခြင်း။
၁၀။ တိုင်းပြည်ဝင်ငွေထဲမှ စစ်အသုံးစရိတ်ကို အများဆုံးသုံးစွဲနေခြင်း။
၁၁။ ပြည်တွင်းစစ်ဖြစ်ပွားနေခြင်း။
၁၂။ ပြည်သူတို့ ထကြွဆန့်ကျင်လာသည့်အခါ ဝေစားမျှစားလုပ်ထားသည့် စစ်တပ်၊ ရဲတို့ဖြင့် နှိမ်နင်းဖိနှိပ်ခြင်း။

အထက်ဖေါ်ပြပါ အချက်၁၂ ချက်ထဲမှ သဘာဝရင်းမြစ်ကျိန်စာသင့်နေသောနိုင်ငံများသည် အချက်အတော်များများနှင့် အကျုံးဝင်နေရမည်ဟုဆိုခဲ့သည်။


သဘာဝရင်းမြစ်ကျိန်စာသင့်ခြင်း (Natural Resources Curse)


၂၀၁၃ ခုနှစ်၊ ဧပြီလ ၃၀ ရက် (အင်္ဂါနေ့) ထုတ် မော်နီတာဂျာနယ် Vol. 2 No. 52 ပါ ဆောင်းပါး။

သဘာဝရင်းမြစ်ကျိန်စာသင့်ခြင်း (Natural Resources Curse)

 အပိုင်း ၁

နိဒါန်း။  ။ မြန်မာနိုင်ငံသည် ကျွန်းသစ်၊ သစ်မာ၊ သစ်မွှေး၊ ကျောက်သံပတ္တမြား၊ ကျောက်စိမ်း၊ ရေနံ၊ သဘာဝဓါတ်ငွေ့၊ သံ၊ ကြေးနီ၊ ဝူဖရမ် သို့မဟုတ် တန်စတင်၊ သွတ်၊ ရွှေ၊ ငွေတို့အပြင် ရေထွက်ပစ္စည်းများ ပေါကြွယ်ဝသောနိုင်ငံဖြစ်သည်။

ရန်ကုန်တက္ကသိုလ်ကျောင်းထွက်များသည်လည်း ကမ္ဘာ့နိုင်ငံရေး စီးပွါးရေး၊ ပညာရေး၊ လူမှုရေးတို့တွင် ဦးဆောင်နိုင်သည့် ပညာတတ်စာရင်းဝင်များ ဖြစ်ခဲ့ကြသည်။ မြန်မာနိုင်ငံသည်သဘာဝရင်းမြစ် (Natural Resources) နှင့် လူသားရင်းမြစ် (Human Resources) နှစ်ခုလုံး ကြွယ်ဝသည့်နိုင်ငံ ဖြစ်ခဲ့ဖူးသည်။ 

ရန်ကုန်တက္ကသိုလ်သည် အရှေ့တောင်အာရှနိုင်ငံအသီးသီးမှ ပညာတော်သင်များ အထင်တကြီးဂုဏ်ယူစွာ လာရောက်ပညာရှာမှီးရာ ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခု ဖြစ်သလို၊ မင်္ဂလာဒုံလေဆိပ်သည်လည်း အရှေ့တောင်အာရှ၏ ခေတ်အမှီဆုံး လေဆိပ်ကြီးတစ်ခု ဖြစ်ခဲ့ဖူးသည်။ ကိုလိုနီစံနစ်အောက်မှမလွတ်မြောက်မီ ဗြိတိသျှတို့က အရှေ့တောင်အာရှ၏ အတိုးတက်ဆုံးနိုင်ငံဖြစ်လာရန် အလားအလာရှိသည့်နိုင်ငံအဖြစ် သူတို့၏ မှတ်တမ်းထဲတွင် ရေးမှတ်ထားခဲ့ဖူးသည်။ သို့ရာတွင် လူသားရင်းမြစ်နှင့် သဘာဝရင်းမြစ်ပေါ ကြွယ်ဝသောမြန်မာနိုင်ငံသည် ဗြိတိသျှတို့ ထင်သလို ဖြစ်မလာဘဲ ကမ္ဘာနှင့်မပြောနှင့် အိမ်နီးချင်းနိုင်ငံများနှင့်ပင်မယှဉ်နိုင်ဘဲ လူမွဲနိုင်ငံဘဝသို့ ရောက်ရှိလာခဲ့ရသည်မှာ အဘယ်ကြောင့်နည်း။ ဤဆောင်းပါးက အဖြေအချို့ကို ထုတ်ပေးနိုင်လိမ့်မည် ဖြစ်သည်။

ထွန်းအောင်ကျော်  (ဒီဇင်ဘာလ ၂၅ရက်၊ ၂၀၁၂ ခုနှစ်)
ပြန်လည်ဖြည့်စွက်ခြင်း မတ်လ ၁၅ ရက်၊ ၂၀၁၃ ခုနှစ်။