မိမိကိုယ်ကို အင်အားရှိအောင် ပြုလုပ်ခြင်း (Self Strengthening by Li Hung Chang)
လီဟန်းချင် ၁၈၂၃-၁၉၀၈ (Li Hung- Chang
[1823- 1908]) သည် ကိုယ့်အင်အားကိုယ် တည်ဆောက် ဖို့လိုကြောင်းကို ထပ်ခါတလဲလဲ
ပြောကြားခဲ့သည့် တရုတ်ဗိသုကာကြီးဖြစ်သည်။ သူက “ယခုလက်ရှိ အခြေအနေအရ
လူအရိုင်းအစိုင်းများဟု ပြောနေသူများကို ကျွန်ုပ်တို့က သူတို့နဲ့
သင့်တင့်လျောက်ပတ်အောင် နေနိုင်ဖို့ လိုအပ်နေပြီဆိုတာကို ပြခဲ့တယ်” ဟု
တရုတ်နှင့်နိုင်ငံခြားတိုင်းပြည်များ စစ်ဖြစ်ရာတွင် တရုတ်တို့ရှုံးနိမ့်ခဲ့ ရသည့်
၁၈၄၀- ၄၂ ၊ ၁၈၆၀ နှင့် ၁၈၈၅ ခုနှစ်တို့ကို ရည်ညွှန်းပြောကြားခဲ့သည်။ “ပြည်တွင်းအခြေအနေကို သုံးသပ်ရမယ်ဆိုရင်
ငါတို့ဌာနဆိုင်ရာတွေအားလုံးကို ပြုပြင်ပြောင်းလဲဖို့လိုပြီ။
တကယ်လို့ ငါတို့ဟာ ရှေးရိုးဝါဒီများ အဖြစ်သာ
ခေါင်းမာနေခဲ့ပြီး ပြုပြင်ပြောင်းလဲဖို့ကို ငြင်းဆန်ခဲ့ရင် ငါတို့နိုင်ငံတော်ရဲ့ စိတ်ဓာတ်ဟာ တစ်နေ့ထက်
တစ်နေ့ နိမ့်ကျသွားမှာပဲဖြစ်တယ်”
နိုင်ငံခြားတိုင်းပြည်တွေဟာ ပြုပြင်ပြောင်းလဲမှုတွေ တစ်ခုပြီး တစ်ခုပြုရင်း
လျှင်လျှင်မြန်မြန် တိုးတက်လာခဲ့ပြီးဖြစ်တယ်။ ဒလဟောစီးဆင်းလာတဲ့ အထက်မြစ်ညာက ရေးစီးကြောင်းလို
ပြောင်းလဲတိုးတက်နေခဲ့တယ်။ တရုတ်ကတော့ မိမိတို့ရဲ့ ရှေးရိုးဌာနတွေရဲ့ လုပ်ထုံးလုပ်နည်း အတိုင်း
ဆုပ်ကိုင်ထားဆဲဖြစ်တယ်။ ဒီလို ဆုပ်ကိုင်ထားလို့ တိုင်းပြည်ပျက်စီးမှာကို
ရှေးရိုးသမားတွေကတော့ စိုးရိမ်ကြောင့်ကျမှု မရှိခဲ့ပါဘူး။ အို ကောင်းကင်ဘုံနဲ့
လူသား “ကျွန်တော်တို့ ဒါကို နားလည်အောင် ဘယ်လို ပြောကြားရပါ့မလဲ”
အနောက်နိုင်ငံသားတွေက ဘယ်လိုသေနတ်ကောင်းတွေလုပ်ရမယ်။ ဘယ်လိုအမြောက်တွေ လုပ်ရမယ်၊ ဘယ်လိုရေနွေးငွေ့မောင်းသင်္ဘောကြီးတွေ
တည်ဆောက်ရမယ်။ ဒါမှသာ ငါတို့ဟာ တရုတ်တွေကို
လွှမ်းမိုးလို့ရမယ်ဆိုပြီး လုပ်နေတဲ့အချိန်မှာ ငါတို့တရုတ်တွေက
“ဒီအရိုင်းအစိုင်းတွေကို မောင်းထုတ်ကြ၊ သူတို့ကို မဆက်ဆံနဲ့ ငါတို့ပိုင်နက်က
နှင်ထုတ်ကြ” လို့ အော်နေတာဟာ တကယ်တော့ အဓိပ္ပါယ်မဲ့ပြောခြင်းနဲ့
စိတ်ကူးယဉ်ဆန်လှပါတယ်။ ငါတို့မှာ
လက်နက်နဲ့ နည်းပညာမရှိဘဲ ဘယ်လို ငြိမ်းချမ်းစွာ နေနိုင်မှာလဲ။ ကိုယ်အင်အား
ကိုယ်တည်ဆောက်ခြင်းဆိုတဲ့နေရာမှာ
သူတို့ ဘာတွေ လုပ်နေတယ်၊
တီထွင်နေတယ် ဆိုတာတွေကို လေ့လာသင်ကြားခြင်းနဲ့ သူတို့ ဘာတွေကို မှီခိုအားယူထားတယ်ဆိုတွေကို
ယူတတ်ဖို့ဘဲ” ဟု ဆိုခဲ့သည်။
တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲမှုလုပ်ရမည်ဟု
အယူအဆကို လက်ခံသူများ ရှိသော်လည်း အများစုမှာ အနောက်ဆန့်ကျင်ရေး ရှေးရိုးသမား
(Conservative) များ ဖြစ်ကြသည်။ တရုတ်နိုင်ငံမှ ပညာတော်သင် တက္ကသိုလ်ကျောင်းသား ၁၂၀
ကို ကော့နတီးကတ် (Connecticut) ပြည်နယ်၊ ဟာ့ဖို့ဒ်
(Hartford) မြို့သို့ ၁၈၇၂ ခုနှစ်က ပို့လိုက်သော်လည်း ၎င်းတို့အားလုံးကို ၁၈၈၁ ခုနှစ်တွင် ပြည်လည်ခေါ်ယူခဲ့သည်။
ပြန်ရောက်လာသော ကျောင်းသားများကို အနောက်နိုင်ငံများနှင့်အဆက်အသွယ်ရှိသူများ၊ ပြုပြင်ပြောင်းလဲရေးအတွက် အကြံဥာဏ် ပေးခြင်းများကိုလည်း သံသယဖြင့် အနောက်၏ ဖောက်ပြန်သော အတွေးအခေါ်ဝင်နေသူများအဖြစ်မြင်ပြီး
တချို့ မီဂျီဂျပန်ခေတ် ပြုပြင်ပြောင်းလဲမှုအတိုင်း
အလျင်အမြန်ပြောင်းလဲဖို့ တိုက်တွန်းသူများကို အတင်းအကြပ် ရာထူးမှ
အနားယူစေခြင်းဖြင့် ပိတ်ပင်ခဲ့သည်။
ဂျပန်ရေတပ်က ၁၈၉၄ ခုနှစ်တွင်
တရုတ်ပြည်ရေတပ်ကြီးကို တိုက်ခိုက်အနိုင်ယူခဲ့ပြီး ငြိမ်းချမ်းရေးလက်မှတ်
ထိုးပွဲဖြစ်သော ရှင်မင်နိုဆေကီစာချုပ် (Treaty
of Shiminoseki) ကို ၁၈၉၅ ခုနှစ်တွင် တရုတ်ဘက်မှ သံအဖွဲ့ခေါင်းဆောင် လီဟောင်းချန် (Li Hung Chang) က
သူနှင့်ရန်ဘက် ဂျပန်သံအဖွဲ့ခေါင်းဆောင်
(Ito Hirobumi) အီတိုဟီရိုဘူမီကို “တရုတ်နဲ့ ဂျပန်ဟာ အိမ်နီးခြင်းတွေဖြစ်တယ်၊
ဒါ့အပြင် စာအရေးအသား စနစ်ကလဲ အတူတူဘဲဖြစ်တယ်၊ ဘာကြောင့် ငါတို့ရန်သူတွေ
ဖြစ်ကြရတာလဲ” “ငါတို့ကြားမှာ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေးကို လိုလားတယ်၊ ဒါမှသာ
ငါတို့ အာရှတိုက် လူဝါမျိုးတွေဟာ အနောက်ဥပရောပက လူဖြူတွေရဲ့ လွှမ်းမိုးမှုကို
တွန်းလှန်နိုင်မှာဖြစ်တယ်” လို့ ပြောတဲ့အခါ အီတိုဟီရီုဘူမီက “လွန်ခဲ့တဲ့ ၁၀ နှစ်က
ငါမင်းကို ပြုပြင်ပြောင်းလဲပါလို့ ပြောခဲ့တယ်မဟုတ်လား၊ ဘာကြောင့်
အကြောင်းအချက်တခုမှ မပြောင်းလဲဘဲ အခုထိ ရှိနေခဲ့တာလဲ၊ ဘာကြောင့်
မပြောင်းလဲခဲ့တာလဲ” ဟု ပြန်မေးတဲ့အခါ လီက “ငါ့နိုင်ငံမှာရှိတဲ့ကိစ္စတွေက
ရှေးရိုးဓလေ့ထုံးစံတွေကို ဦးစားပေး ဖက်တွယ်ထားလွန်းလို့ ငါလုပ်ချင်သလို မလုပ်နိုင်ခဲ့ပါဘူး၊
ငါဒီအတွက် အရှက်ရပါတယ်၊ ငါ့မှာ ဒီလိုပြုပြင်နိုင်ဖို့ သြဇာအာဏာ မရှိလို့ပါဘဲ” ဟု ဝန်ခံခဲ့သည်။
တရုတ်ပြုပြင်ရေးသမား လင်ချီချို
(Liang Ch’i-ch’ao၊ ၁၈၇၃-၁၉၂၉) ၏ ပြောစကားကို
တင်ပြလိုပါသည်။ လင်ချီချိုမှာ ကင်ယူဝေ (K’ang Yu-Wei) ၏ လုပ်ဘော်ကိုင်ဘက်တဦးဖြစ်ပြီး
တရုတ်ပြည်ကြီး ဂျပန်ကို ၁၈၉၆ ခုနှစ်တွင် ရှုံးနိမ့်ခဲ့ရသည့်အတွက် ထိုစဉ်က
တရုတ်ပြည်ကြီး၏ အခြေအနေကို အောက်ပါအတိုင်း တင်စား၍ ရေးသားဖေါ်ပြခဲ့ပေသည်။
လင်ချီချို၏ပြုပြင်ပြောင်းလဲရေး
(Reform by Liang Ch’i-ch’ao)
ပြုပြင်ပြောင်းလဲရေး
မလိုလားအပ်ဘူးလို့ ပြောနေတဲ့သူတွေက “ရှေးထုံးစံအတိုင်းလုပ်ကြ၊ ရှေးလူကြီးတွေကို
လိုက်နာကြလို့ဆိုတယ်” အရာရာဟာ ထုံးတမ်းဓလေ့တွေအောက်မှာ အလဟဿဖြစ်နေတာကို သူတို့ရဲ့
နှလုံးသားထဲမှာ ဘာမှမဖြစ်သလို အေးစက်စက်ထိုင်ပြီး ကြည့်နေကြတယ်။ ဥပမာ-
အလွန်ကြီးမားတဲ့ နှစ်ပေါင်းတထောင်ကျော်လောက်က ခန်းနားတဲ့ ရဲတိုက်ကြီးရှိတယ်၊
ဒီရဲတိုက်ကြီးရဲ့ ကျောက်ပြားတွေ၊ အုတ်တွေဟာ ဆွေးမြေ့နေပြီ၊ ထုတ်တွေ၊ ဒိုင်းတွေ၊ ယက်မတွေဟာလဲ
ဆွေးမြေ့တိုက်စားနေပြီ။
ဒါပေမယ့် ဒီရဲတိုက်ကြီးဟာ ကြီးမားခန့်ငြား အံ့သြစရာကောင်းနေတုံးပါဘဲ။ ဒါပေမယ့်
လေနဲ့မိုးနဲ့ ကျလာတဲ့အခါ ဒီအဆောက်အဦကြီးဟာ ပြိုကျသွားမှာဖြစ်တယ်။ ဒါပေမယ့်
ဒီရဲတိုက်ကြီးထဲမှာ နေတဲ့လူတွေဟာ ပျော်ရွှင်စွာ ကစားနေကြတဲ့သူက ကစား၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်သူနေတွေက အိပ်နေကြတယ်။ တချို့ဒီအကြောင်းကို သိသူတွေကတော့
ခါးသည်းစွာ ငိုကြွေးနေဖို့ပဲ သိကြတယ်။ သူတို့ရဲ့လက်တွေကို
ပိုက်ပြီး သေရမယ့်အချိန်ကို ဘယ်လိုကုစားရမယ် ဆိုတာကို မတွေးဘဲ စောင့်နေကြတယ်။
အနည်းငယ်နားလည်တဲ့သူတွေတချို့ကတော့ အက်ကြောင်းတွေကို ဖါထေး၊ ရေယိုပေါက်တွေကိုပိတ်၊
နံရံတွေကို ပြန်လည်မွန်းမံပြီး ဒီနေရာမှာ ငြိမ်းချမ်းစွာနေနိုင်ရေးကို တဒင်္ဂမှာပဲဖြစ်ဖြစ် နေနိုင်အောင် လုပ်နေကြတယ်။ ကောင်းမွန်တဲ့အကြောင်းအရာ တစုံတခုများ
ဖြစ်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ သူတို့ဟာလဲ စနစ်ဟောင်းကို မှီတွယ်နေကြသူများသာ ဖြစ်တယ်။ ဒီလိုအတွေးအခေါ်ရှိတဲ့ လူစား
သုံးမျိုးစလုံးဟာ ဒီရဲတိုက်ကြီးထဲမှာ နေနေကြတယ်။
ဒါပေမယ့် ဟာရီကိန်းမုန်တိုင်းကြီး တိုက်ခတ်လာတဲ့ တစ်နေ့မှာတော့ သူတို့အားလုံးဟာ
အတူတကွ သေးဆုံးသွားကြ တော့မှာ ဖြစ်တယ်” နိုင်ငံတစ်နိုင်ငံဟာလဲ ဒီအတိုင်းဘဲ” လို့ လင်ချီချိုက ရင်နာစွာ ရေးသားခဲ့ပါသည်။
တရုတ်နိုင်ငံသည် ခေတ်နောက်ကျနေသည့်အတွက်
သူ့ထက်အဆများစွာ သေးငယ်သည့်ဂျပန်ကျွန်းနိုင်ငံလေး၏ ကျွန်ဖြစ်ခဲ့ရခြင်းသည် သမိုင်းသင်္ခန်းစာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကဲ့သို့ ခေတ်နောက်ပြန်ဆွဲပြီး အောက်တန်း
နောက်တန်း ကျနေသောနိုင်ငံငယ်လေးကို ပိုမိုတိုးတက်နေပြီး အင်အားကြီးမားသည့်တရုတ်နိုင်ငံကြီးက ချမ်းသာ ပေးပါမည်လော။ တရုတ်စစ်တပ်လွှတ်ပြီး တိုက်ခိုက်သိမ်းပိုက်ရန် ယနေ့ခေတ်တွင် ဖြစ်နိုင်ချေ နည်းပါးသော်
လည်း (မဖြစ်နိုင်ဟုတော့ ဒက်ထိပြောမရ) တဖြည်းဖြည်းလူမျိုးအရ ဝါးမြိုခြင်းနှင့် စီးပွားရေးအရ ကျွန်ပြုခြင်းကို မလွဲမသွေ
ပြုလုပ်မည်ဖြစ်သည်။ လုပ်လည်းလုပ်နေခဲ့သည်။ တရုတ်လွှမ်းမိုးလာမှုကို လက်ရှိမန္တလေးအခြေအနေ က ထင်ရှားစွာ
သက်ပြသနေပေသည်။
ထိုအခြေအနေမှ
လွတ်မြောက်ရန် ဦးသိန်းစိန်အစိုးရအနေနှင့် အတိုက်အခံများအပေါ် သဘောထားကြီးကြီး ထားပြီး ရိုးသားစွာ ပူးပေါင်းဆောင်ရွက်ခြင်း၊
ဒီမိုကရေစီအနှစ်သာရများကို အလေးထားသောအားဖြင့် အုပ်ချုပ် ရေးဌာနများတွင်
ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသော ဥပဒေများကို ပြဋ္ဌာန်းခြင်း၊ အတိုက်အခံနိုင်ငံရေး
အကျဉ်းသားများကို လွှတ်ပေး၍ ၎င်းတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာ
ဆွေးနွေးမှုပေးခြင်း၊ သတင်းမီဒီယာများကို လွတ်လပ်စွာ ရေးသားထုတ်ဝေ
ဖြန့်ချီခွင့်ပေးခြင်း၊
လွတ်လပ်သောလူ့ဘောင်အဖွဲ့အစည်း (Civil Society) များ ဖွံ့ဖြိုးတိုးတက်လာစေရန် အားပေးထောက်ပံ့ခြင်းနှင့် တပ်မတော်က သမိုင်းဝင် တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အအုံကြီးကို
ဖောက်ခွဲဖျက်စီးခဲ့ခြင်းကြောင့် ခေတ်အဆက်ဆက် ကျောင်းသားနှင့် တပ်မတော် တို့အကြား ရင်ကြားစေ့၍
မရအောင် အာဃာတ ကြီးမားခဲ့ရမှုကို ပြေပျောက်စေရန်
ဦးသိန်းစိန်အစိုးရက ကျောင်းသားသမဂ္ဂအဆောက်အအုံကြီးကို ပြန်လည်တည်ဆောက်ခွင့်ကို
ရဲရဲဝင့်ဝင့် ခွင့်ပြုသင့်သည်။ သို့မှသာ ကျောင်သားနှင့် အစိုးရအကြား
ရင်ကြားစေ့ရေးဖြစ်ပေါ်လာပြီး ပညာတတ်များ ပေါ်ထွက်လာစေရန် ကျောင်းသားများ၏ ကူညီပံ့ပိုးမှုကို ရရှိမည်ဖြစ်သည်။ ထို့အပြင် ကျောင်းသားသမဂ္ဂများ တရားဝင်ပေါ်ထွက်လာရေးကို
တက္ကသိုလ်အုပ်ချုပ်ရေးမှူးများက ဟန့်တားခြင်းမပြုရန် တရားဝင်ညွှန်ကြားစာ ထုတ်ပြန်ပေးခြင်းကို ရဲဝံ့စွာ ပြုလုပ်ခြင်းဖြင့်
အတိုက်အခံဟူသည် မိမိတို့နှင့်အမြင် မတူညီသော်လည်း ၎င်းတို့၏ရှုထေါင့်မှ
တိုင်းပြည်ချစ်စိတ်ဖြင့် ၎င်းတို့၏အမြင်ကို တင်ပြသော
လုပ်ဖော်ကိုင်ဖက်များသာဖြစ်ကြောင်း နှလုံးသွင်းပြီး လက်တွဲချီတက်ကြမည်ဆိုလျှင်
မြန်မာနိုင်ငံကြီးသည် တရုတ်ကျွန်ဘဝမှလည်းကောင်း၊ အခြားလူမျိုးခြားတို့၏
စီးပွားရေး ကျွန်ဘဝမှ လည်းကောင်း
အချိန်တိုတိုဖြင့် ရုန်းထွက်နိုင်ကြမည်ဖြစ်ပါသည်။
လေးစားစွာဖြင့်
ထွန်းအောင်ကျော်
မှီးငြမ်းစာများ-
(၁) DVB မှ ထုတ်ဝေသည့် Indonesia’s
Lessons for the Asia ဘာသာပြန်ဆောင်ပါး “အတိတ်နှင့် လမ်းခွဲ လိုက်ပါ”
(၂) A history of Asia, Rhoads
Murphey, University of Michigan, Harper Collins Publishers, 1992, P.311,
312, 313.